စဉ့်ကူးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်

စဉ့်ကူး  မေ  ၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စာမေးပွဲ ကျင်းပပြုလုပ်မည့် စဉ့်ကူးမြို့နယ်သာသနာ့ဗိမာန်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်ရာတွင် စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက သာသနာ့ဗိမာန်အတွင်း/အပြင် သန့်ရှင်းရေးများ ပြုလုပ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များအား ရောင်တော်ဖွင့်ခြင်း၊ စာဖြေခုံများ သယ်ယူ ပြင်ဆင်ခြင်း၊ သံဃာတော်များ နားနေရန် အခန်းများ ပြင်ဆင်ခြင်းတို့ကို စုပေါင်းဆောင်ရွက် ခဲ့ကြသည်။

စဉ့်ကူးမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို (၇-၅-၂၀၂၂) ရက်နေ့မှ (၁၃-၅-၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)