ပျော်ဘွယ်မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

ပျော်ဘွယ် မေ ၆

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများ သိရှိစေရန်အတွက် ဘေးအန္တရာယ် ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး (Community Centre) ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက ဘေးအန္တရာယ်ဖြစ်ပွားပါက ပြည်သူများသိရှိစေရန်အတွက် ယခုကဲ့သို့အသိ ပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးပြီး ဘေးအန္တရာယ် ကျရောက်လာပါက လိုက်နာဆောင်ရွက်ရမည့် အခြေအနေများနှင့် ကူညီထောက်ပံ့ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်း မေးမြန်းဆွေးနွေးသည်။

မေးမြန်းဆွေးနွေးမှုများနှင့်ပတ်သက်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မြို့နယ်အတွင်း ဘေးအန္တရာယ်ဖြစ်ပွားမှုများတွင် ကူညီ ထောက်ပံ့ရေးဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ၂၀၂၂ ခုနှစ်၊ ဧပြီလကုန်ပိုင်းတွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များတွင် ကူညီထောက်ပံ့ပေးရေး ဆောင်ရွက်နေမှုအခြေအနေများကို အကျယ်တဝန်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)