သုံးခွ မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် လက်ပန်စံပြကျေးရွာတွင် ကိုရီးယားနိုင်ငံ koica အဖွဲ့၏ ကူညီ ထောက်ပံ့မှုဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း (မြန်မာဆယ်မာအူးလ်အွန်ဒုန်) စီမံကိန်းလုပ်ငန်းကို အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလွန်ကာလတွင်လည်း လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးရွာတွင်ရေကန်လေးကန်ရှိပြီး မင်္ဂလာကန်တော်ကြီးမှာ ရွာတွင်းသို့ ရေပိုက်လိုင်းဖြင့် ရေပေးဝေနေသော ရေကန် တစ်ကန်ဖြစ်ပြီး ဧရိယာပေ (၁၂၀၀၀)၊ အနက် (၁၁) ပေရှိ ထိုရေကန်အား သောက်သုံးရေပိုမို သိုလှောင်သုံးစွဲ နိုင်ရန် အနက် ၃ ပေကို စက်ယန္တရားဖြင့် တိုးချဲ့တူးဖော်ပြီး ရေလုံလောက်စွာသိုလှောင် ဖြန့်ဝေပေးနိုင် ရန် ပေ ၅၇၀ ကွာ ဝေးသော ဦးသန်းကြိုင်ရေကန်နှင့် ပေါင်းစည်းကာ ရေကူကန်အဖြစ် အသုံးပြုနိုင်ရန် ရေကန်အောက်ခြေတွင် (၃) လက်မ ပိုက်ဖြင့် ဆက်သွယ်ခြင်း လုပ်ငန်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းရေကန်ပြန်လည်တူးဖော်ခြင်းနှင့် ရေကန်နှစ်ကန်ပေါင်း စည်းသွယ်တန်းခြင်း လုပ်ငန်းများကို ပြည်သူထည့်၀င်ငွေ (၇၁) သိန်းကျပ်၊ စီမံကိန်းရန်ပုံငွေကျပ် ၃၈၆၆၀၀၀ သိန်းတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ပံစံပြကျေးရွာ ကျေးရွာ သစ် လှုပ်ရှားမှုစီမံကိန်း ဥက္ကဋ္ဌ ဦးသိန်နွဲ့၊ အတွင်းရေးမှူး ဦးနိုင်ကြီးနှင့် ကော်မတီ၀င်များက ကြီးကြပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
လက်ပန်စံပြကျေးရွာတွင် ရေပိုက်သွယ်တန်းထားသူ (၁၂၅) ဦး၊ အိမ်ထောင်စု (၂၀၀)၊ လူဦးရေး (၇၀၀) ဦးတို့ သောက်သုံးရေ အခက်အခဲမရှိပဲ ဖူလုံမှုရရှိကာ အဆင်ပြေစွာ ရယူသုံးစွဲနိုင်မည်ဟု အတွင်းရေးမှူး ဦးနိုင်ကြီးက ပြောကြား သည်။
စည်သူလင်း ပြန်/ဆက်