တွံတေး မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တွံတေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ များအား အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦး၊ မြို့နယ်အခြေခံပညာ ဦးစီးဌာနမှ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးစံလင်းတို့က အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်အား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ပြောကြားကာ သင်တန်း တာဝန်ခံ နည်းပြဆရာမဒေါ်သန်းသန်းအေးက မိတ်ဆက်စကားပြောခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် သင်တန်းသူများက တစ်ဦးချင်းအမည်ဌာန ရာထူးများအား မိတ်ဆက်ကြကြောင်းသိရသည်။ ဆက်လက်၍ သင်တန်းတာဝန်ခံမှ အခမ်းအနားမှူး ဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် အခမ်းအနား ဆောင်ရွက် ရာတွင် စည်းကမ်း တကျ ဖြစ်စေရန်၊ တက်ရောက်လာသူ အကြီးအကဲများ၏ ရာထူးအခေါ်အဝေါ် မှန်ကန်မှု ရှိစေရေး၊ ဝန်ကြီးဌာနအလိုက် ဝါစဉ်များသိရှိစေရန် စကားပြောကျွမ်းကျင်မှု ရှိလာစေရန် ရည်ရွယ်ကာ ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ယင်းသင်တန်းသို့ တွံတေးမြို့နယ်ရှိ အခြေခံပညာဦးစီးဌာန၊ သမဝါယမ၊ငါးသိပ္ပံကျောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ သင်တန်းသူ( ၂၀)ဦးကို မေလ ၅ ရက်နေ့မှ ၆ ရက်နေ့ထိ (၂)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တွံတေးသား