နောင်ချို၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နောင်ချို    စက်တင်ဘာလ ၃

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်း ရာတွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် များအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲဆောင်ရွက်ပြီးနောက် တွေ့ကြုံနိုင်သည့်အခြေအနေများနှင့် ကြိုတင် စီစဉ်ဆောင် ရွက် ထားရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေမှူး ဦးခင်မောင်ချင်းမှ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ညွှန်ကြားချက်များအားလည်းကောင်း၊ မဲဆန္ဒရှင်စာရင်းများ၏ ပြန်လည်စိစစ် ခြင်း လုပ်ငန်း တစ်ခုလုံးကို (၁-၉-၂၀၂၀)ရက်နေ့မှ (၁၄-၉-၂၀၂၀)ရက်နေ့အတွင်း အပြီးဆောင်ရွက်သွားရန်နှင့် ဒုတိယအကြိမ်မဲစာရင်းကြေငြာခြင်းအား (၂၀-၉-၂၀၂၀)ရက်နေ့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အတွင်းရေးမှူးများမှ ပြန်လည် ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။

ထွေးငယ်၊နောင်ချို ပြန်/ဆက်