စဉ့်ကိုင် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာတာ၀န်ရှိသည့် ဌာနအသီးသီးသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ အပတ်စဉ်သောကြာနေ့ တိုင်းအရည်အသွေးစစ်ဆေးရေး ကော်မတီသို့ တင်ပြကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးသည့် သက်ဆိုင်ရာ ဌာနများမှ ၀န်ထမ်းများ (BoosterDose)ကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ မပျက်မကွက် သွားရောက်ထိုးနှံကြရန်၊ လာမည့် စနေနေ့၌ မြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး သိန်းလွင်တို့က မြို့နယ် တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ပေး နေမှုခြေအနေများ၊ လုံခြုံရေး ဆောင်ရွက် ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများမှ တာ၀န်ရှိသူများကလည်း မိမိတို့ ဌာနအလိုက် ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ လုပ်ငန်း အခြေအနေများကို အသီးသီးတင်ပြခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း