ကျောက်ဆည် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြို့ဝင် ရန်ကုန်-မန္တလေးကားလမ်း ထနောင်းပင်လှကျေးရွာအနီးတွင် စစ်ဆေးရေးဂိတ်ကို ယနေ့နံနက်၉နာရီက စတင်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးမှုများ အရှိအဟုန်မြှင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရန်ကုန်-မန္တလေးကားလမ်းပေါ်၌ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေသောပြည်သူများအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ သွားရောက်မည့်ခရီးစဉ်များ၊ ကိုယ်ရေးရာဇဝင်များ မှတ်တမ်းရယူခြင်း၊ Mask များ တပ်ဆင်ထားခြင်းမရှိသူများအား Mask များ စနစ်တကျ တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီလိုက်နာစေရန်နှင့် မိမိနေအိမ်များ၌သာနေကြထိုင်ရန် မဖြစ်မနေ အပြင်သို့သွားရောက်ရန်ရှိပါက တစ်ဦးတည်းသာသွားလာကြရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်စေရန် ပြည်သူများ မိမိတို့နေအိမ်အတွင်း၌သာ နေထိုင် ရေး၊ Mask များ စနစ်တကျ တပ်ဆင်ရေးအတွက် ရပ်ကွက်/ကျေးရွာများတွင် အသံချဲ့စက်များဖြင့် နှိုးဆော်အသိပညာပေးခြင်း၊ မြို့ဝင်မြို့ထွက်များ၌ Mask များ စနစ်တကျ တပ်ဆင်သွားလာစေရေး ရှောင်တခင်စစ်ဆေးခြင်း နှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေး စစ်ဆေးမှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)