မန္တလေး စက်တင်ဘာ ၃
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေး အသိပညာ ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂လမ်း၊ ၈၇ လမ်းနှင့် ၈၈လမ်းကြား၊ လှိုင်းကဖေးရှေ့၌ ပြုလုပ်ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြရာတွင် နှာခေါင်းစည်း (Mask) များကို တပ်ဆင်သွားလာ ကြရမည်ဖြစ်ပြီး နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာခြင်း မရှိကြသည့် ပြည်သူ(၅၅)ဦးအား နှာခေါင်းစည်း (Mask) တစ်ခုလျင် ၂၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူတပ်ဆင်စေ၍ ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ကြသည်။
အသိပညာပေး လုပ်ငန်းများဆောင်ရွက်ကြရာတွင် အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှစန်းမြင့်၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးမင်းသူ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်သန်းသန်းအေး၊ မြို့နယ်စည်ပင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်ရည်မွန်ပါ (၅)ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ(၃) ဦး၊ မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ ပရဟိတမင်းခေါင်အဖွဲ့မှ(၁၀) ဦး တို့နှင့် ပြည်ကြီးရန်လုံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးလွင်၊ ညောင်ကွဲရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုကိုလေးတို့နှင့် ရာအိမ်မှူးများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ၁၉လမ်းနှင့် ၆၃လမ်းထောင့်ရှိ နန်းရှေ့ဈေးတွင်လည်း ဆောင်ရွက်ခဲ့ရာ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူ လမ်းသွား လမ်းလာ ပြည်သူ (၆၁)ဦးအား နှာခေါင်းစည်း(Mask) တစ်ခုလျင် ၂၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူတပ်ဆင် စေခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာနေရာများသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် အဖွဲ့က သွားရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)