နောင်တရား စက်တင်ဘာလ ၃
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲတွင် ပင်လောင်းမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းတွင် ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒအမှတ်(၁၀)၌ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်း(၅)ဦး၊ ပင်လောင်မြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)၌ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦး၊ ပင်လောင်မြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)၌ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း(၆)ဦး၊ ရှမ်းပြည်နယ်လွှတ်တော်မဲဆန္ဒနယ်၌ ဗမာတိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလှယ် လောင်း(၈)ဦး၊ လားဟူတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် လောင်း(၆)ဦး၊ လီဆူတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ အင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၇ ) ဦး၊ ကယန်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦး၊ ကချင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် လောင်း (၅)ဦး၊ အာခါ တိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၄)ဦး တို့က ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားကြေညာသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို မဲဆန္ဒရှင် ပြည်သူများက လာရောက်ကြည့်ရှု လေ့လာလျက်ရှိကြောင်းသိရသည်။
ခွန်းအောင်(နောင်တရား)