(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားပျော်ဘွယ်မြို့နယ်တွင် ကျင်းပ

ပျော်ဘွယ် မေ ၅

(၇၆)နှစ်‌မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်း သတ်မှု စွမ်းရည်ပြသခြင်း၊ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်း၊ ရာထူးတိုးမြှင့်ခြင်းခံရသည့် အရာရှိ နှစ်ဦးအား အဆင့်တံဆိပ် တပ်ဆင်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၈)နာရီခွဲက ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ၊ အထပ်မြင့် အဆောက်အဦးမှ ကြိုးတက်ကြိုးဆင်းခြင်းပြုလုပ်၍ ပိတ်မိနေသောလူနာအား အသက် ကယ်လှေကားအသုံးပြု၍ ကယ်ဆယ်ခြင်း၊ ဆီမီးလောင်မှုနှင့်ယာဉ်မတော်တဆဖြစ်စဉ်များတွင် ကားအတွင်းပိတ်မိနေသော လူနာများအား ခေတ်မီစက်ပစ္စည်းကိရိယာများအသုံးပြု၍ ကယ်ဆယ် ခြင်းတို့ကိုသရုပ်ပြသရာ အခမ်းအနားသို့ တက်ရောက်လာသည့် ရမည်းသင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များက ကြည့်ရှုအားပေး ကြသည်။

ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ပေးပို့သော (၇၆)နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က ဖတ်ကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ချီးမြှင့် ကြသည်။

ထို့နောက် ရမည်းသင်းခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုး တို့ကရာထူးတိုးမြှင့်ခြင်းခံရသည့် အရာရှိနှစ်ဦးအား အဆင့်တံဆိပ်များတပ်ဆင်ပေးပြီး အရန်မီးသတ် တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)