နမ့်ဆန် မေ ၅
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ကယ်နိုင်စေရန်ရည်ရွယ်၍ယနေ့နံနက် ၉နာရီအချိန်က နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက လူငယ်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် သင်တန်းဖွင့်လှစ်သင်ကြားရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် အရိုးကျိုးနေသည့်လူနာ၊ သတိမေ့နေသည့် လူနာ၊ ဆို့နှင်ခြင်း အပူလောင်ခြင်း၊ အစာအဆိပ်သင့်ခြင်း စသည့် ရောဂါဝေဒနာခံစားနေသည့် လူနာများအား ဆေးရုံဆေးခန်းမရောက်မီ ကုသပေးနိုင်သည့်အဆင့်ထိ သင်ကြားပို့ချမည်ဖြစ်သည်။ လူငယ်များမိသားစုနှင့် ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည့် လတ်တလောရင်ဆိုင်နေရသည့် ဘေးဒုက္ခများ၊ ဒဏ်ရာရရှိနေသည့်လူနာများကို ဆေးရုံဆေးခန်းမရောက်ခင် ရှေးဦးသူနာ ပြုစုနည်းဖြင့် အသက်ကယ်နိုင်စေရန်ရည်ရွယ်၍ သင်ကြားပို့ချခြင်းဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးခင်မောင်က ပြောကြားခဲ့သည်။
ရှေးဦးသူနာပြုစုနည်းသင်တန်းသို့သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတက်ရောက်ပြီး သင်တန်း ကာလမှာ (၃)ရက်ဖြစ်ကြောင်း သိရှိရသည်။
နမ့်ဆန်ဒေသပြန်ဆက်