မိတ္ထီလာ မေ ၅
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် လူသုံးကုန်ဆပ်ပြာနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းကို မေလ ၃ ရက်နေ့မှ စတင်၍ ဆည်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့် လူသုံးကုန်သင်တန်းဖြစ်သည့် ဆပ်ပြာနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျေးရွာအရောက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာမှ သင်တန်းသူ (၁၅)ဦး တက်ရောက်ပြီး သင်တန်းကို မေ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၄ နာရီ အချိန်အထိ ဘက်စုံသုံးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ရေချိုးဆပ်ပြာနှင့် ခေါင်းလျှော်ရည် စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)