မောင်တော မေ ၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန ရုံးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မိန့်ခွန်း ပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ လူထုများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ် အမျိုးမျိုး ကနေ ကာကွယ်စောင့်ရှောက်မှုများ ပေးခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များသည် ရည်မှန်းချက် တာဝန်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မီးသတ်သမားကောင်း တစ်ယောက်ရှိရမယ့် ခိုင်မာတည်ကြည် ရဲဝံ့စွန့်စားတဲ့ စိတ်ဓာတ်၊ အတွေ့အကြုံ ရင့်ကျက်ပြီး နည်း ပညာ ပြည့်ဝမှုရှိစေဖို့ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အဆင့် မီးသတ် ကျင့်ဝတ်ပြိုင်ပွဲ၊ နေအိမ်လိုင်းခန်း သန့်ရှင်းသာယာလှပစေရေး ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ပြီး မီးသတ်တပ်ဖွဲ့လုပ်ငန်းများအား ပြည်သူလူထု ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေးအတွက် အချိန်နှင့်တစ်ပြေးညီ သတင်းများအား ရေးသားထုတ်ပြန်ပေးလျက်ရှိသည့် မောင်တော ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးသက်လွင်စိုးအား ခရိုင်မီးသတ် ဦးစီးမှူးမှ ဂုဏ်ပြု လက်ဆောင် ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွန်ကြား ရေးမှူး ဦးသန့်ဇင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းရွှေခိုင်၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ၊ ခရိုင်/မြို့နယ်မီးသတ် စခန်းများရှိ အရာရှိများ၊ တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)