နမ္မတူ မေ ၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ ဝန်ထမ်းများက တိုက်ပွဲရှောင်ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် အခမဲ့ဝန်ဆောင်မှုပေးခြင်းကို မေလ (၄)ရက်နေ့ နေ့လည် (၁)နာရီအချိန်က နမ္မတူမြို့နယ်၊ ကြူဆော့ (IDP) စခန်းခန်းမ၌ ကွင်းဆင်းဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ ဒေါ်ချစ်ချစ်ပိုင် (ဒုတိယဦးစီးမှူး)က တိုက်ပွဲရှောင်ပြည်သူကလေးငယ်များ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အပျင်းပြေပျော်ရွှင်စေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးကာ စာအုပ်စာပေကောင်းများ လေ့လာရှာဖွေဖတ်ရှုမှတ်သားတတ်ပြီး အကျင့်စာရိတ္တများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ တိုင်းဆာ (ခ) မိုင်းသာရှမ်း စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် မြွေနဲ့ဖားစာအုပ်ဖြင့်လည်းကောင်း၊ ဇာတ်လမ်း-မောင်ခေတ်ထွန်း၊ သရုပ်ဖော်- MGU(မောင်ဦး)၊ စာတည်း-အိမွန်သုန်၏ မောင်မောင်၏ လက်ဆေးကဗျာ စာအုပ်ဖြင့်လည်းကောင်း ရုပ်ပုံပြပုံပြင်ပြော ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် တိုက်ပွဲရှောင်ပြည်သူများနှင့် ကလေးငယ်များအား စာအုပ်စာပေတန်ဖိုးကို သိရှိချစ်မြတ်နိုးပြီး စာအုပ်စာပေကောင်းများကို လေ့လာဖတ်ရှုမှတ်သားခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိစေရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ သုတ/ရသ စာအုပ်စာပေများအား အခမဲ့ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)