သံတွဲ မေ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာပေချစ်မြတ်နိုးသူ၊ စာပေ ဝါသနာရှင်များဖြင့် စာပေချစ်မြတ်နိုးသူများအဖွဲ့ “BookClub” ဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က “Book Club” ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် သံတွဲမြို့မှ စာရေးဆရာများ၊ စာပေ ချစ်မြတ်နိုး သူ စာပေ ဝါသနာရှင်များက “Book Club” ဖွဲ့စည်းခြင်းအပေါ် တစ်ဦးခြင်း အကြံပြုပြန်လည် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ “Book Club”ကို စတင်ဖွဲ့စည်းခဲ့ရာ နာယက၊ ဥက္ကဌ၊ ဒု ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ အဖွဲ့ဝင် များအဖြစ် အခမ်းအနားသို့ တက်ရောက်လာကြ သည့် သံတွဲမြို့မှ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူ စာပေ ဝါသနာရှင် စုစုပေါင်း ၂၇ ဦးဖြင့် ယာယီဖွဲ့စည်း ခဲ့ကြကြောင်းသိရသည်။
အဆိုပါ “Book Club”အဖွဲ့သည် ကလေးသူငယ်များကို စာအုပ်၊ စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှု ရရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်ပြီး အသိပညာ ဗဟုသုတများတိုးပွားကာ ခေတ်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်စေ ရေးတို့အတွက် စာဖတ်ဝိုင်းများ၊ ရေးသူ ဖတ်သူ ဆွေးနွေးပွဲများဆောင်ရွက်ကြရေးနှင့် ကျောင်းစာကြည့်တိုက်များ ရှင်သန်လာအောင် ပူးပေါင်းကူညီ ဆောင်ရွက်ကြရေးတို့ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)