ကျောက်ဆည် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သဖြင့် နေကြာစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း နေကြာစိုက်ပျိုးသည့် တောင်သူများထံမှ သိရှိရသည်။
နေကြာစိုက်ရာတွင် ပင်ကြားတန်းကြား (၁၅) လက်မခန့်အကွာ စိုက်ပျိုးပါက ပိုမိုသင့်တော်ပြီး အပင် ဖြစ်ထွန်းမှုနှင့် အထွက်နှုန်းကောင်းမွန်ကြောင်း၊ နေကြာ (၁) ဧက စိုက်ပျိုးပါက မြေအမျိုးအစားနှင့် ရာသီဥတုအပေါ် မူတည်ပြီး တစ်ဧက (၁၅) တင်းမှ (၂၅) တင်းကျော် ထွက်ရှိကြောင်းနှင့် "ယခုနှစ်တွင် နေကြာ (၁) ဧက (၁၈) တင်းထွက်ရှိပြီး တစ်တင်း (၂၁၀၀၀) ကျပ် ရောင်းရကြောင်းနှင့် ဆီအဖြစ် ကြိတ်ခွဲရောင်းချမည်ဆိုပါက (၂) ပိသာခွဲ၊ (၃) ပိသာရပြီး ဆီတစ်ပိသာ (၉၇၀၀) ကျပ် ရောင်းရကြောင်း" မှိုင်းပန်ကျေးရွာမှ နေကြာစိုက်တောင်သူ ဦးမြင့်မွှေးက ပြောပြသည်။
ကျောက်ဆည်မြို့နယ်တွင် နေကြာသီးနှံများကို ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင် ကျေးရွာအုပ်စုများတွင် (၆၄၇) ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်းကျေးရွာ အုပ်စုများတွင် (၃၇၆)ဧက၊ ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ အနောက်ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင် (၄၄၅) ဧက၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင် ကျေးရွာများတွင် (၁၈၁)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၁၈၃၆) ဧက၊ ရဲမအူ၊ စိုင်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုများတွင် (၂၆၂)ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တော်တွင်၊ မြေစိုပါယ် ကျေးရွာအုပ်စုများတွင် (၆၀၈) ဧက၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း ကျေးရွာအုပ်စုများတွင် (၄၄၆) ဧက၊ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ ကင်း၊ တောင်တော် ကျေးရွာအုပ်စုများတွင်(၈၁၉)ဧက စိုက်ပျိုး ထားကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)