ခရမ်းမြို့တွင် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ခရမ်း စက်တင်ဘာ ၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအတွက် ဖွင့်လှစ် ထားရှိသော မိုးကုတ် ဝိပသနာရိပ်သာတွင် ဖွင့်လှစ်ထားသော Facility Quarantine Centre များတွင် ထားရှိသူများအား ကူညီဆောင်ရွက် ပေးလျက်ရှိသော Volunteer များ၊ တာဝန်ရှိအဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပွဲ ကို ယမန်နေ့ ညနေ ၆ နာရီတွင် ခရမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းက မြို့နယ်အတွင်း ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှု FQC များတွင် စနစ်တကျနေရာချထား ဆောင်ရွက် ပေးနေမှု၊ ပြည်သူများအား အသိပညာပေးခြင်းအဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးမှု၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များနှင့် စောင့်ကြပ် ကြည့်ရှုဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး လိုအပ်ပါက ထပ်မံတိုးချဲ့ ဆောင်ရွက် နိုင်မည့် Facility Quarantine Centre နေရာများအား သတ်မှတ်လျာထားနိုင်ရေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်‌‌မောင်ရင်နှင့်၊ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ကုသရေး၊ အကူအညီပေးရေး အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဇော်ဝင်းမှ လုပ်ငန်းစဉ်များအလိုက် တင်ပြဆွေးနွေး၍ လိုအပ်ချက်များ၊ ဆက်လက် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်း၍ အရှိန်မြှင့်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ကိုမင်း(ခရမ်း)