အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ် ပဥ္စမအစည်းအဝေးကို နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပ

ရန်ကုန် မေ ၅

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ် ပဥ္စမအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ (ကျောက်မဲဆရာတော်)က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာ လင်္ကာရာဘိဝံသ (ရွှေဘိုဆရာတော်)က ဆောင်ရွက်တော်မူသည်။

ဦးစွာ အစည်းအဝေးကို “သာသနဿစလောကဿ အစချီသော ဂါထာကို(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်တော်မူကြပြီး ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ (ကျောက်မဲ ဆရာတော်)က  သြဝါဒကထာ မြွက်ကြားတော်မူသည်။

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ ပဥ္စမအကြိမ် စတုတ္ထ အစည်းအဝေးမှတ်တမ်း (ဒု − စ ၄/ ၂၀၂၂) ကို ဖတ်ကြား အတည်ပြုတော်မူကြပြီး ဝိနိစ္ဆယရေးရာ တင်ပြချက်များ၊ သာသနာရေးရာ တင်ပြချက်များ၊ ပညာရေးရာ တင်ပြချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်တော်မူကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ဒုတိယအဖွဲ့ခွဲ)ဆရာတော် (၁၅)ပါးအနက် ဒုတိယဥက္ကဋ္ဌ ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏ (ကံမဆရာတော်) မှတစ်ပါး ကျန်ဆရာတော် (၁၄)ပါးတို့ တက်ရောက်တော်မူကြပြီး သာသနာရေး ဦးစီးဌာန၊ သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးသန်းအေးအောင် အမှူးပြုသော သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့‌ကြောင်း သိရသည်။

အောင်မြင့်