သီပေါမြို့နယ်တွင် စာပေဝါသနာရှင်များပူးပေါင်း၍စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်

သီပေါ မေ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)၊တို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန်  ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် ဒေါ်စန်းစန်းသွယ်နှင့် ဦးမျိုးပိုင်သက်၊ (Women Club)အဖွဲ့ဝင် ဒေါ်စန္ဒာမြင့်နှင့် ဒေါ်တင်တင်စန်းတို့က စာရေးဆရာ ချစ်ဦးညို၏ "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ " စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ၄င်းတို့၏ အတွေး၊ အသိ၊ အမြင်များကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)