ရွှေကူ မေ ၄
တောင်သူများအား လယ်ယာမြေစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ပြန်လည်တိုးတက် ကောင်းမွန်လာစေရန်နှင့် သီးနှံအထွက်နှုန်းတိုးတက်လာစေရန်၊ ဓာတ်မြေသြဇာများ သုံးစွဲခြင်းကို လျှော့ချပြီး တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်ရန်၊ သစ်စိမ်းမြေသြဇာထည့်သွင်းခြင်းကို တောင်သူများလေ့လာသိရှိသုံးစွဲတတ်လာစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောပုန်းကျေးရွာအုပ်စု၊ တုံးပုံကျေးရွာရှိ တောင်သူများက ပူးပေါင်း၍ မေလ ၄ ရက် နံနက် ၁၁ နာရီက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုး ထည့်သွင်းခြင်း အတွက် မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြပွဲဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရွှေကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းဦးနှင့် ဝန်ထမ်းများ၊ တောပုန်းကျေးရွာနှင့် တုံးပုံကျေးရွာမှ တောင်သူ(၃၀)ဦးတို့က ရွှေကူမြို့နယ် တုံးပုံကျေးရွာရှိ ကွင်းအမှတ် (၂၂၃−ခ)၊ ဦးပိုင်အမှတ်(၁၅/၁၆) တောင်သူဦးခင်မောင်လွင်နှင့် ဒေါ်မိုးမိုးအေးတို့၏ လယ်ယာမြေ၌ ဆောင်းသီနှံရိတ်သိမ်းပြီး မိုးစပါးမစိုက်ပျိုးမီ မြေဆီလွှာထက် သန်လာစေရေးနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက် ခြင်းကို စုစုပေါင်း(၁ဝ)ဧက ဆောင်ရွက်ခဲ့ကြသည်။
သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ကို တစ်ဧက(၄)ပြည်နှုန်း ကြဲပက်စိုက်ပျိုးပေးခြင်းဖြင့် တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (၈)တန်မှ (၁၂)တန်အထိ ရရှိနိုင်ပြီး မြေဆီလွှာအတွင်း နိုက်ထရိုဂျင်၊ ဖော့ဖရပ်၊ ပိုတက်ရှ်နှင့် သီးနှံအတွက် အနည်းလိုအဟာရဓာတ်များ တိုးတက် မြင့်မားလာစေခြင်း၊ ရေထိန်းစွမ်းအား ကောင်းမွန်လာစေခြင်း၊ မြေဆီလွှာတွင် လေဝင်ထွက် ကောင်းမွန်စေခြင်း၊ ရောဂါ၊ ပိုးမွှားဒဏ် ကာကွယ်ပေးခြင်း၊ ပေါင်းမြက်ပေါက်ရောက်မှု လျော့နည်း သက်သာလာခြင်း၊ စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)