မအီ မေ ၄
မြောက်ဦးဆရာတော်ဘုရားကြီး၏ ဇာတိမွေးရပ်မြေဖြစ်သည့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မာရ်ငါးပါးစေတီတော်များ ထီးတော်တင်ပူဇော်ပွဲနှင့် မြောက်ဦး အထူးတရားပွဲများကို ကဆုန် လဆန်း(၈)ရက်နေ့မှစတင်၍ ကဆုန်လပြည့်နေ့အထိ (၈)ညတိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖော်ပြပါ မာရ်ငါးပါးစေတီတော်များမှာ ခုနစ်ရက်သားသမီးတို့၏ ကောင်းမှုအလှူများကို မြောက်ဦး ဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူး ကုသိုလ်ပြု၍ မအီမြို့၏ မြေမြတ်အရပ်တို့တွင် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
စေတီတော်များကို ထီးတော်တင်ပူဇော်ရာတွင် ကဆုန်လဆန်း(၈)ရက်နေ့တွင် ရတနာ့မာရ်အောင် ဆံတော်ရှင် စေတီတော်ကို လည်းကောင်း၊ ကဆုန်လဆန်း(၉)ရက်နေ့တွင် သက္ကျမာရ်အောင် စွယ်တော်မြတ်စေတီတော်ကို လည်းကောင်း၊ ကဆုန်လဆန်း(၁၀)ရက်နေ့ တွင် ဇိနမာရ်အောင် စွယ်တော်မြတ်စေတီတော်ကို လည်းကောင်း၊ လဆန်း(၁၁)ရက်နေ့တွင် မင်္ဂလမာရ်အောင် စွယ်တော်မြတ်စေတီတော်ကို လည်းကောင်း၊ လဆန်း(၁၂)ရက်နေ့ တွင် လောကမာရ်အောင် စွယ်တော်မြတ်စေတီတော်ကို လည်းကောင်း၊ လဆန်း(၁၃)ရက်နေ့တွင် ထူပါရုံ စေတီတော် (ငြိမ်းချမ်းရေးစေတီတော်)နှင့် လဆန်း(၁၄)ရက်နေ့တွင် ဥရုဝေလအသွေးတော် ဓာတ်စေတီတော် တို့က ထီးတော်တင်ပူဇော်ကြမည်ဖြစ်ပြီး ကဆုန်လပြည့်နေ့တွင် အံတော်သိမ်စေတီတော် ဌာပနာပိတ်ပွဲကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စေတီတော်များ ထီးတော်တင်ပူဇော်ရက်များဖြစ်သည့် ကဆုန်လဆန်း(၈)ရက်နေ့မှ ကဆုန်လပြည့်နေ့ အထိ ည(၇)နာရီအချိန်တိုင်းတွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဝနဝါသီအရှင်ဝါယာမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော် ဘုရားကြီးအား ဂုဏဝိသိဌပူဇော်ပွဲ အထိမ်းအမှတ်အနေဖြင့် ပူဇော်ကျင်းပသည့် မြောက်ဦး အထူးတရားပွဲများကို ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာ ဆရာတော်ကြီးများက မအီမြို့၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာ၊ လျောင်းတော်မူဘုရားကြီးရှေ့ ဘုရားရင်ပြင်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။
သို့ဖြစ်၍ မြောက်ဦး အထူးတရားပွဲများ ကျင်းပရာတွင် ကဆုန်လဆန်း(၈)ရက်နေ့တွင် မအီမြို့ အမှတ်(၂) ရပ်ကွက်မှ ဥက္ကံတောင်ကျောင်းတိုက် ဆရာတော် အရှင်ပညာဇောတမှ လည်းကောင်း၊ ကဆုန်လဆန်း (၉)ရက်နေ့တွင် မြဝတီမြို့၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာ၊ ဗုဒ္ဓကျေးဇူး ကျောင်းတိုက်မှ အရှင်ကဝိပီယမှ လည်းကောင်း၊ ကဆုန်လဆန်း(၁၀)ရက်နေ့တွင် မအီမြို့၊ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာကျောင်းတိုက်မှ သာသနာ့ဓဇဓမ္မာစရိယ အရှင်ခေမာစာရက လည်းကောင်း၊ ကဆုန်လဆန်း(၁၁)ရက်နေ့တွင် မြောက်ဦးမြို့၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာ ကျောင်းတိုက်မှ အရှင်ဇာဂရိယမှလည်းကောင်း၊ ကဆုန် လဆန်း (၁၂)ရက်နေ့တွင် ကျောက်တော်မြို့၊ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှ အရှင်ခေမာစာရက လည်းကောင်း၊ ကဆုန်လဆန်း(၁၃)ရက်နေ့တွင် မန္တလေးမြို့၊ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှ အရှင်ဇဝနကလည်းကောင်း တရားဓမ္မများကို တစ်ရက်ချင်းစီ ဟောကြားပူဇော်ကြမည်ဖြစ်ပြီး ကဆုန်လဆန်း(၁၄)ရက်နှင့် ကဆုန်လပြည့်နေ့တို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဝနဝါသီ အရှင်ဝါယာမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာများ၏ နာယကချုပ် ဆရာတော် မြောက်ဦးဆရာတော်ဘုရားကြီးမှ တရားရေအေးအမြိုက်ဆေးများ တိုက်ကျွေး သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ မာရ်ငါးပါးစေတီတော်များ ထီးတော်တင်ပူဇော်ပွဲနှင့် မြောက်ဦးအထူးတရားပွဲများကို (၈)ညတိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းတို့ကို မအီမြို့နှင့် နယ်နိမိတ်ဆက်စပ် မြို့နယ်များဖြစ်သည့် တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူ မြို့နယ်များမှ ဓမ္မမိတ်ဆွေပြည်သူများသို့ ဗီနိုင်းကြော်ငြာများကို ကြိုတင်စိုက်ထူ၍ အသိပေး ဖိတ်ခေါ်ခြင်း၊ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ facebook page တို့တွင် ဖော်ပြ ဖိတ်ခေါ်ခြင်းများကို ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း မအီမြို့၊ ရတနာ့မာရ်အောင် တောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှသိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)