ဘူးသီးတောင်မြို့၌ မြို့နယ်အားကာကော်မတီနှင့် မြို့နယ်ဘောလုံးဝါသနာရှင်(Old Star)အသင်းတို့ ပူးပေါင်း၍ အသက်(၁၇)နှစ် အောက် လူငယ်ဖိတ်ခေါ်ဖလား အမျိုးသား ဘောလုံး(ဂိုးလတ်) ပြိုင်ပွဲကျင်းပ

ဘူးသီးတောင် မေ ၄

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်အား/ကာ ကော်မတီနှင့် မြို့နယ် ဘောလုံးဝါသနာရှင်(Old Star)အသင်းတို့ ပူးပေါင်းကျင်းပသည့် အသက်(၁၇) နှစ်အောက် လူငယ်ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံး(ဂိုးလတ်)ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့ မြို့မအားကစားကွင်း၌စတင်ကျင်းပသည်။

ရှေ့ဦးစွာပြိုင်ပွဲဝင် အားကစားဝါသနာရှင်များအား ဘူးသီးတောင်မြို့နယ် အားကစား နှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသန်းနှင့် တာဝန်ရှိသူများမှ အသက်(၁၇)နှစ်ပြည့်မပြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အသက်(၁၇)နှစ်အောက် လူငယ် ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံး( ဂိုးလတ်)ပြိုင်ပွဲကိုစတင်ကျင်းပခဲ့ကြသည်။

ပြိုင်ပွဲတွင် အသင်း(၁၂)သင်းမှ ပါဝင်ယှည်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး မေလ(၃)ရက် နေ့မှ(၁၀)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရှိမည့်အသင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါပြိုင်ပွဲကျင်းပပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် လူငယ်များအား ကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်အားကစားမှူးဒေါ်ဥမ္မာသန်းမှသိရသည်။

လှကျော်( ပြန်/ဆက်)