စစ်တွေ မေ ၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မြို့နယ်အလိုက် ထုတ်ပေးထားသည့် နိုင်(၄)မှတ်တမ်းများ Software အသုံးပြု၍ စိစစ်ရေးသွင်းထားသော လူဦးရေစာရင်းများနှင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးပြီး ပြုစုမှန်ကန်သည့် အခြေခံမဲဆန္ဒရှင်စာရင်းများ ရရှိနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ၂ နာရီချိန်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ပါဝင်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဆိုသည်နှင့်အညီ ၂၀၂၃ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တိကျမှန်ကန်အောင် စာရင်းရေးသွင်းရန် လိုပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဌာနမှ ထုတ်ပေးသည့် ပုံစံ၆၆(၆)အား ကွန်ပျူတာရေးသွင်း ပြီးစီးပါက မြေပြင်စာရင်းနှင့်ကိုက်ညီမှု ရှိ/မရှိစိစစ်ရန်၊ ယခု မဲစာရင်း(၂)သန်းကျော် ထုတ်ပေးပြီးဖြစ်၍ Software ရေးသွင်းလျက်ရှိပါကြောင်း၊ မဲစာရင်းပုံစံ ၆၆(၆) ရေးသွင်းပြီး ခရိုင်မြို့နယ်ရပ်ကွက်များသို့ တစ်အိမ်တက်ဆင်း ဆောင်ရွက်ရမှာဖြစ်ပြီး ပြီးစီးအောင် ဆောင်ရွက်ရမည့် ရက်ပေါင်း(၆၀)အတွင်း အမှားအယွင်းမရှိအောင် စနစ်တကျ စီမံခန့်ခွဲကာ ပူးပေါင်းပြီး အားထည့်၍ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်သူရက မဲစာရင်းများ စနစ်တကျ မှန်ကန်စေရေး၊ ဆောင်ရွက်မည့် ယန္တရားများအား ရက်ပေါင်း(၆၀)အတွင်း ဆောင်ရွက်ရမှာဖြစ်သည့်အတွက် လုပ်ရည်ကိုင်ရည်ရှိသူများအား သက်ဆိုင်ရာ ဌာနအကြီးအကဲများက စနစ်တကျ ရွေးချယ်ပြီး တာဝန်ပေးအပ်စေလိုကြောင်း ရွေးချယ်ထားသည့် ဝန်ထမ်းများအား ကွန်ပျူတာ သင်တန်းပို့ချပြီး မှန်မှန်ကန်ကန်ပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက ပထမအဆင့်အနေဖြင့် ယခင်ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ပြားမရှိဘဲ (၃.၄)သန်းမဲပေးခဲ့ပါကြောင်း၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင် တာဝန်ယူသည့်နေ့ကစပြီး ပန်းခင်းစီမံချက်ချမှတ်ကာ ဆောင်ရွက်ခဲ့ပါကြောင်း ဒုတိယ အဆင့်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ် တစ်ဦးချင်းစီ အခြေခံ၍ အိမ်ထောင်စုစာရင်း၊ လူဦးရေ၊ ကတ်ပြားများ ပြည့်စုံမှသာ မဲပေးခွင့်ရှိမည်ဖြစ်ကြောင်း၊ လူတစ်ဦး၌ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုသာရှိရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၌ ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၁)သိန်းကျော်ရှိပြီဖြစ်ကြောင်း၊ ၎င်းအား Excel တွင် ရိုက်ထည့်ဆောင်ရွက်ရန်ရသည့် ရက်ပေါင်း(၆၀)သာကျန်ရှိ၍ ဌာနတစ်ခုလျှင် ပြီးစီးရမည့် ပုဒ်ဖြတ်စနစ်ဖြင့် အပြီးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီမံချက်ဖြစ်သည့်အတွက် အစိုးရသစ်တစ်ရပ် ဖြစ်ပေါ်လာအောင် အားလုံးပူးပေါင်း ဆောင်ရွက်ကာ တာဝန်ကျေအောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရွေးကောက်ပွဲ ကော်မရှင်အရာရှိက ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေမှူးက ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် အမျိူသားရေး တာဝန်တစ်ရပ်အနေဖြင့် ခံယူ၍ အားလုံးပူးပေါင်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အလိုက် ထုတ်ပေးထားသည့် နိုင်(၄)မှတ်တမ်းမျာ Software အသုံးပြု၍ စိစစ်ရေးသွင်းထားသော လူဦးရေ စာရင်းများနှင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးပြီးပြုစုမှန်ကန်သည့် အခြေခံ မဲဆန္ဒရှင်စာရင်းများ ရရှိရေးအတွက် အကြံပြုဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို မွန်းလွဲ ၃ နာရီခွဲချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
ဇူလိုင်ကြယ်(ပြန်/ဆက်)