ဒဂုံ​​မြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံတောင် စက်တင်ဘာ ၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်ဖြင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀) နာရီ အချိန်က လူများစုဝေးသွားလာ လျှက်ရှိသော နေရာများသို့ မြို့နယ်စည်ပင်သာယာကော်မတီ၊ We Love Yangon၊ ရပ်ကွက် အုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် သီရိမင်္ဂလာပရဟိတ အသင်းတို့ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း(Mask)နှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ် စေရန် ကြိုတင်ကာကွယ်တားဆီးနိုင်မည်ဖြစ်ပြီး အကြောင်း အမျိုးမျိုး​​ကြောင့် မိမိနေအိမ်ပြင်ပသို့ ထွက်ခွာလာပါက တပ်ဆင်လာကြရန်လည်း အသိပညာပေးပြောကြားခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် လူအများစုဝေးတက်သော စျေး၊ ကားဂိတ်နှင့် ကားမှတ်တိုင်များတွင် လိုက်လံပေးဝေးခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြည်သူများ အထူးဂရုပြု လိုက်နာကြရန် ပြောကြားခဲ့ပြီး မိမိတို့နှင့်အတူ စည်မျဉ်း စည်းကမ်းတွေ လိုက်နာကြရန် နှိုးဆော်စာများ၊ လက်ကမ်းပိုစတာများကိုလည်း ပြည်သူများ လက်ဝယ်အရောက် ပေးအပ် နိုင်ခဲ့​ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)