ကွမ်းလုံ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူးများ ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လူစုလူဝေး မဖြစ်ပေါ် စေရေး အတွက် နှစ်သုတ်ခွဲ၍ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုင်းလှအေးမှ အဖွင့်အမှာစကားပြောကြား ပြီး မဲရုံမှူးနှင့် ဒုမဲရုံမှူး ခန့်အပ်လွှာများကို တာဝန်ရှိသူတို့က ပေးအပ်ကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကြည်ခိုင်က ခန့်အပ်လွှာများ ပေးအပ်ဆောင်ရွက်မှုနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ကွမ်းလုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၃၁)စုတွင် မဲရုံ(၅၈)ရုံရှိရာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၃၆၇၀၅)ဦးရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅)ဦးနှင့် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၅)ဦး ရှိပါသည်။ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး၌ ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)