ငါ့သရောက်မြို့တွင် တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ကိုင်ကြသူများအဆင်ပြေ

ငါ့သရောက်မြို့ မေ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ရှိ ကျေးလက်နေပြည်သူများသည် တောင်ယာလုပ်ငန်းဖြင့်တွဲဖက်၍ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဆိတ်များ စျေးကောင်းပေးဝယ်နေ၍ ဆိတ်မွေးမြူသူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

ငါ့သရောက်မြို့ ကျေးလက်နေသူအများစုဟာ တောင်ယာလုပ်ငန်းများကို အဓိကလုပ်ကိုင်နေကြပြီး၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်၍ မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကြက်၊ ဝက်၊ နွား စသည်တို့ကိုလည်း လုပ်ကိုက်လျက်ရှိပြီး၊ တောင်ယာများအတွက် လိုအပ်သော သဘာဝမြေသြဇာများဖြစ်သည့် နွားချေး၊ ဆိတ်ချေးတို့ကို အသုံးပြုရန်အတွက် နွားများ၊ ဆိတ်များကို တစ်ပိုင်တစ်နိုင် မွေးမြူလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူများမှလည်း နွားချေး၊ ဆိတ်ချေးတို့ကို မိမိတို့တောင်ယာ လုပ်ငန်းများမလုပ်ကိုင်မီ နွားလှည်းများ၊ ထော်လာဂျီများဖြင့်တိုက်ပြီး ဖြန့်ကျဲကာ ထယ်ရေးများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။ နွားချေး၊ ဆိတ်ချေး လှည်းတစ်စီးလျှင် (၇၀၀၀)ကျပ်၊ ထော်လာဂျီ တစ်စီးကို (၄၀၀၀၀) ကျပ်စသည်ဖြင့် စျေးကောင်းပေးဝယ်လျက်ရှိရာ မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေ (ပြန်/ဆက်)