ပျော်ဘွယ်မြို့နယ်တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဆေးနွေးပွဲ Talk Show ကျင်းပ

ပျော်ဘွယ် မေ ၄

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်၊ မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများသိရှိစေရန်အတွက် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက တိုင်းရင်း ဆေးနည်းပညာဖြင့် ပြည်သူများ အပူဒဏ်အန္တရာယ်မှကာကွယ်နိုင်ရန်အတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးပြီး အပူဒဏ်အန္တရာယ် ကာကွယ် ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းမေးမြန်းဆွေးနွေးသည်။

မေးမြန်းဆွေးနွေးမှုများနှင့်ပတ်သက်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ထားထားထွေးက မြို့နယ်တိုင်းရင်းဆေးကုဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် နွေရာသီကာလအတွင်း ဖြစ်ပွားတတ်သော ခေါင်းအုံ၊ ခေါင်းကိုက်၊ ခေါင်းခဲခြင်း ရောဂါများ၊ အပူဝင်၊ အပူငုပ်ရောဂါများ၊ မျက်စိကျိန်းခြင်းနှင့် မျက်စိနာရောဂါများ၊ ဆီးပူဆီအောင့်ရောဂါများ၊ နှာခေါင်းသွေးသျှံဖြစ်ပေါ်ပါက ပြုစုကုသနည်း များ၊ ကျန်းမာရေးနှင့် ညီညွတ်စွာစားသောက်ခြင်း၊ အိမ်စက်ခြင်း၊ သွားလာပြုမူနေထိုင်ခြင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)