တာမွေမြို့နယ်ရှိ သာယာရွှေပြည်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေး အထူးအလေးထား ဆောင်ရွက်

တာမွေ မေ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ သာယာရွှေပြည်လမ်းတစ်လျှောက် သန့်ရှင်း သာယာလှပပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှု ရှိစေရေးအတွက် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၏ လမ်းညွှန်မှုအရ ခရိုင်/မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးများ၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သက်ဆိုင်ရာ ဌာနများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါလမ်း၏ ဘေးဘက်ဝဲယာတစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်းနှင့် အမြင်မတင့်တယ်သည်များအား ဖယ်ရှားရှင်းလင်းခြင်း စသည့်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်ရှိ သာယာရွှေပြည်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ မြို့နယ်အတွင်းမှာရှိတဲ့ လမ်းမကြီးတွေ သန့်ရှင်းသပ်ရပ်ပြီး လမ်းအသုံးပြုသူတွေ အနေနဲ့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ယခုလို ဆောင်ရွက်ပေးတဲ့အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်တစ်ခုက မြို့နယ်အတွင်း သန့်ရှင်းသာယာလှပဖို့ဆောင်ရွက်တဲ့နေရာမှာ သက် ဆိုင်ရာဌာနတွေ သာမကပဲ မြို့နယ်အတွင်းရှိ ပြည်သူတွေနဲ့ လမ်းအသုံးပြုသူတွေက ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မှာပါဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများအား လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် မြို့နယ်စည်ပင် သာယာရေး ကော်မတီ အနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်