မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၁၂ ရွာ၏ စိုက်ပျိုးဧက နှစ်ထောင်ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း လေးလမ်းဆောင်ရွက်သွားမည်

မိတ္ထီလာ မေ ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ သန်း ၂၈၀ ကျော်ဖြင့် စိုက်ပျိုးဧက နှစ်ထောင်ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း လေးလမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များအတွင်းရှိ ကျေးရွာများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၏ ထုတ်ကုန်များ၊ မြို့ပေါ်သို့ အချိန်နှင့်တပြေညီ ရောက်ရှိရေး၊ လေလွင့်ဆုံးရှုံးမှုနည်းပါးစေရေးတို့အတွက် ကျေးလက်ကုန်ထုတ်လမ်းများကို ဆောင်ရွက်ပေးလျက်ရှိ သည်။ ထိုသို့ ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၂၈၈.၀၄၈ သန်းဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက တာဝန်ယူပြီး မိတ္ထီလာမြို့နယ် ရေဝေကျေးရွာနှင့် လယ်ကွင်းအမှတ် (၇၈၆)သို့ ဆက်သွယ်ထားသော ကုန်ထုတ်လမ်း အရှည် (၀/၇) မိုင်ရှိ လမ်းကို မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert တစ်စင်းနှင့် ရေပြွန်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ မလှိုင်မြို့နယ် ကျောင်းစု(န)ကျေးရွာ ကုန်ထုတ်လမ်း အရှည် (၀/၄.၅၀) မိုင်ရှိ လမ်းကို မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်း၊ ရေကျော်တစ်စင်းနှင့် ရေပြွန်တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ ဝမ်းတွင်းမြို့နယ် ခါးတက္ကန်ကျေးရွာ မြောက်ဘက် ကွင်းအမှတ် (၁၂၃၉)သို့ ဆက်သွယ်ထားသော ကုန်ထုတ်လမ်း အရှည် (၁/၇)မိုင်ရှိ မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert ၈ စင်းနှင့် ရေပြွန် ၈ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ၊ သာစည်မြို့နယ် မရွေးကျေးရွာမှ တောင်ဘက်ကွင်းအမှတ် (၁၈၇၀)သို့ ဆက်သွယ်ထားသော ကုန်ထုတ်လမ်း အရှည် (၀/၆)မိုင်ရှိ မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert၂ စင်းနှင့် ရေပြွန် ၂စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါကကျေးရွာ ၁၂ ရွာ၏ စိုက်ဧက ၂၀၃၁ ဧက၊ မွေးမြူရေး ၁၅၈၅ခု၊ အိမ်ခြေ ၁၅၃၃ အိမ်၊ လူဦးရေ ၈၀၀၆ ဦးတို့ကို အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)