သိန္နီ မေ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာ လယ်တွင်းသားစောချစ်ရေး သားသည့် “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် ယနေ့နံနက် ၁၁ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက လူငယ်များစာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အမှားအမှန် ဝေဖန်သုံးသပ်နိုင်စေရန်အတွက် စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သည့် မနန်းမြတ်လှိုင်ငင်းက ပန်းလိုနုနယ် ကလေးငယ်ဆောင်းပါးနှင့် ကလေးနှင့် ပတ်ဝန်းကျင်ဆောင်းပါးအားလည်းကောင်း၊ မောင်အောင် မင်းထက်က ကလေးကို ရိုက်သင့်မရိုက်သင့်ဆောင်းပါးနှင့် အလိုလိုက်အမိုက်စော်ကား ဆောင်းပါးအား လည်းကောင်း၊ မနူးဆန်ရာက ပုံပြင်ထဲမှာ အလိမ္မာ ဆောင်းပါးနှင့် ကလေးနှင့် ကျောင်းထားချိန် ဆောင်ပါး အားလည်းကောင်း၊ မောင်ဟိန်းခန့်အောင်က ကလေးနှင့်ပညာရေးဆောင်းပါးနှင့် ကျောင်းနေပျော်၍ စာတော်ပါစေ ဆောင်းပါးအားလည်းကောင်း၊ မချစ်စုဝေက မြို့ပတ်ရထားပေါ်က ဆရာမဆောင်းပါးနှင့် ကလေးဖတ်စရာ ကလေးစာဆောင်းပါးတို့အားလည်းကောင်း အသီးသီးဆွေးနွေးကြကြောင်းနှင့် စာဖတ်ဝိုင်းတွင် လူငယ်စာဖတ်ဝါသနာရှင် (၂၅)ဦးက ဆောင်းပါးများကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။
စောဥမ္မာ (သိန္နီ)