မြောက်ဥက္ကလာပမြို့နယ်တွင် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ပါဆယ် စနစ်ဖြင့်ရောင်းချနိုင်ရေး အသိပေးခြင်းများဆောင်ရွက်

မြောက်ဥက္ကလာပ  စက်တင်ဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင် များနှင့် စားသောက် ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေး အသိပေးပြောကြားခြင်းကို ယမန်နေ့ ညနေ ၆ နာရီက (ဆ)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်၊ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်းနှင့် အဖွဲ့များ က ရပ်ကွက်အတွင်းရှိ ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် စက်တင်ဘာလ ၃ ရက်နေ့မှ စတင်၍  ဆိုင်တွင် လာရောက် စားသောက်သူ များအား ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ဈေးရောင်းသူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ လမ်းညွှန် ချက် ဗီနိုင်း၊ ပိုစတာများ ချိတ်ဆွဲ ထားရန်၊ လက်ဆေးဘေစင်နှင့် Hend Gel များ ထားရှိရန်၊ ချက်ပြုတ်သည့် ဝန်ထမ်းများမှ သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ရောင်းချရန်၊ နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ လက်အိတ်များ ဝတ်ဆင်ပြီးမှ ရောင်းချရန်၊ ဈေးရောင်းသူနှင့် ဝယ်ယူသူကြား သက်မှတ် အကွာအဝေးထားရှိရန် စသည့် ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန် ဆိုင်ပိုင်ရှင်များ အား အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်(၁၉)ရပ်ကွက်ရှိပြီး ရပ်ကွက်တိုင်းရှိ လက်ဖက်ရည် ဆိုင်များနှင့် စားသောက်ဆိုင် များအား ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင် များက ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)