ပင်းတယမြို့နယ်၌ မိုးဦးကျကာလတွင် ဂျင်းပင်များ စတင်စိုက်ပျိုး

ပင်းတယ မေ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနီး ကျေးရွာများသည် သဘာဝ၊ တောတောင်၊ ရေ၊ မြေဆီလွှာနှင့် လိုက်လျောညီထွေးသော ရာသီဥတုရှိသည့် တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ၊ ဓနုတိုင်းရင်းသားလူမျိုးများသည် ရှေးယခင်က ပင်ဘိုးဘွားစဉ်ဆက်စိုက်ပျိုးရေးကို အဓိကအခြေခံကာစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ရောင်းချ လျက်ရှိကြရာ ယခုအခါ မိုးဦးကျကာလဖြစ်သည့်အတွက် တောင်သူများ ဂျင်းများ စတင်စိုက်ပျိုးနေပြီဖြစ်သည်။

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားကျေးရွာများဖြစ်သည့် အင်းငယ်၊ ဇော်ဂျီ၊ ဖနန်ရွာ၊ ညောင်ဝန်း၊ ညောင်ကောက်၊ အုံအက် စသည့် ကျေးရွာများတွင် ဂျင်းပင်များအများအပြား စိုက်ပျိုးထားကြသည်။  ယခင်နှစ်များက ဂျင်းတင်ပို့ ရောင်းချရာတွင် ဂျင်းစျေးနူန်းကျဆင်းနေသည့်အတွက် ဂျင်းစိုက်တောင်သူများ မိသားစုဝင်ငွေ အခက်အခဲများရှိခဲ့ကြသည်။ ဝယ်လက်အားနည်းချိန်တွင် စျေးနှုန်းပါကျဆင်းသည့်အတွက် ဂျင်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် စျေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။  

ဂျင်းပင်များအား စိုက်ပျိုးရာတွင် ဂရုပြုရမည့်အချက်မှာ ဘတ်တီးရီးယားပင်ညှိုးရောဂါ ကျရောက်နိုင်သည့်အတွက် ထိုသို့ကျရောက်လာပါက (၅ ရက်မှ ၁၀ ရက်)အတွင်း အရွက်များ ညှိုးသွားစေပြီးအပင်မှ အမြစ်ပုပ်၍ ဂျင်းပင်များသေဆုံးနိုင်ကြောင်းလည်း တွေ့ရသည်။ ထို့ကြောင့် ရောဂါပိုးကျရောက်ဖူးသောအပင်မှ ဂျင်းတက်မျိုးများယူ၍ ထပ်မံ မစိုက်ပျိုးမိစေရန် သတိပြုရမည်။ ဂျင်းပင်ညှိုး ရောဂါကျအပင်တွေ့ပါက ချက်ချင်းနုတ်ယူပြီး စိုက်ခင်းနှင့် ဝေးရာသို့လွှင့်ပစ်ရန် ဂျင်းစိုက်တောင်သူများအနေဖြင့် ဂရုတစိုက် ပြုလုပ်ဆောင်ရွက်ရမည် ဖြစ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီအလိုက် သီးနှံမျိုးစုံ အလှည့်ကျစိုက်ပျိုးကြလျက်ရှိပြီး မိုးဦးကျကာလ(မေ၊ ဇွန်)လများတွင် ဂျင်းပျိုးတက်များ စတင်စိုက်ပျိုးလာကြပြီဖြစ်သည်။ စိုက်ပျိုးကာလ ၂ လခန့်အကြာတွင် ဂျင်းတက်ပွားများ ထွက်လာလျှင် မူလဂျင်းတက်ဟောင်းများအား ပြန်လည်တူးဖော်ရောင်းချပြီး၊ အသစ်ထွက်လာသည့် ဂျင်းတက်သစ်များအား နောက် (၄)လခန့်အကြာ စတင်တူးဖော် ရောင်းချနိုင်ပြီဖြစ်ကြောင်းနှင့် ဂျင်းအစိုနှင့် ဂျင်းအခြောက် နှစ်မျိုးပြုလုပ်ရောင်းချရကြောင်းနှင့် ဂျင်းပင်များ တူးဖော်ပြီးစီးသည်နှင့် တခြားသီးနှံများအား အလှည့်ကျ အစားထိုးဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးလတ်