ခရမ်းမြို့နယ်တွင် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းဖွင့်လှစ်

ခရမ်း စက်တင်ဘာ  ၃

ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ကန့်သတ်ချက်များ ဖြေလျှော့ပြီးနောက် မွေးမြူ ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင် နိုင်ရန် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီက တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်‌ကျော်က တစ်ပိုင် တစ်နိုင်နှင့် စီးပွားဖြစ် တိရစ္ဆာန်မွေးမြူခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားကာ ရရှိမည့် အကျိုးအမြတ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်ဦးစီးမှူး ဒေါက်တာ‌အေးမင်းက တိရစ္ဆာန်အမျိုးအစားများအလိုက် ကျန်းမာရေးနှင့်အညီ စနစ်တကျ ပြုစု မွေးမြူနည်း၊ ရာသီအလိုက် အများဆုံးဖြစ်ပွားတတ်သော ရောဂါများ အကြောင်း၊ ကူးစက်ရောဂါ များ မဖြစ်ပွားအောင် ကြိုတင် ကာကွယ်နည်းများ၊  ကုသနည်းလမ်းများ၊ တိရစ္ဆာန်များအား ပြည်တွင်းသို့ တင်ပို့ခြင်း နှင့် စျေးကွက်အခြေအနေအကြောင်းများကို ရှင်းလင်းဟော​ပြောပို့ချခဲ့‌ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး တက်ရောက်လျက်ရှိပြီး မြို့နယ်အတွင်း အုပ်စုကျေးရွာ များတွင်လည်း သင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချမည်ဟု မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်‌ကျော်က ပြောကြားခဲ့ သည်။

ကိုမင်း(ခရမ်း)