ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆက်လက်ဆောင်ရွက်

ဒဂုံမြောက် မေ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်၍  ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသူများအား ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရန်  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်းကို မေ ၃ ရက်နေ့တွင် မြို့နယ်အတွင်း သတ်မှတ်စုရပ်များဖြစ်သည့် (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်နှင့် (၄၇)ရပ်ကွက်ဓမ္မာရုံ ဆေးထိုးစုရပ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူ(၄၀)ဦးတို့အား Covishield ကာကွယ်ဆေး နှင့် Sinovac ကာကွယ်ဆေး၊ ဒုတိယအကြိမ်ထိုးနှံသူ (၂၃၄)ဦးတို့အား Covishield ကာကွယ်ဆေး၊ တတိယအကြိမ် ထိုးနှံသူ(၁၅၀)ဦး Astra Zeneca ကာကွယ်ဆေးနှင့်  Covaxin ကာကွယ်ဆေးများ စုစုပေါင်း ၄၂၄ ဦးတို့ကို ဆက်လက် ထိုးနှံ‌ပေးခဲ့ရာ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် ရပ်ကွက်တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ