တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ရန်ကုန် စက်တင်ဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းကို ရပ်ကွက်အသီးသီးရှိ စုရပ်နေရာများ၌ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီက မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆေးထိုးဆေးတိုက်ခြင်းဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ် များအား အသက်အရွယ် အလိုက် လစဉ်ဘီစီဂျီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေး ရောင် (ငါးမျိုးစပ်)ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးခြင်း၊ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်နှင့် လူစုလူဝေး မဖြစ်စေရန်အတွက် ကျန်းမာရေးဝန်ထမ်းများက မိခင်နှင့်ကလေးများအား အလှည့်ကျ ဆေးထိုးဆေးတိုက်ပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)