ငါ့သရောက်မြို့တွင် နွားစာမြက်ရှားပါးလာခြင်းကြောင့် ထန်းသီး၊ ထန်းနို့၊ သစ်ရွက်များဖြင့် အစားထိုးကျွေးနေရ

ညောင်ဦး မေ ၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် နွားစာရှားမှုစတင်ကြုံလာခြင်းကြောင့် ထန်းနို့များ နွားစာအဖြစ် စတင်ကျွေးနေရပြီဖြစ်ကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ ရပ်မိရပ်ဖ ဦးသန်းထိုက်က ပြောကြားသည်။

ညောင်ဦးခရိုင် ငါ့သရောက်မြို့သည် အပူပိုင်းရပ်ဝန်းမိုးခေါင်ဒေသတွင်ပါဝင်ကာ တစ်နှစ်ပတ်လုံးမှ မိုးရေချိန် နှစ်ဆယ်လက်အောက်သာ ရွာသွန်းသည်ဆိုသော်လည်း နှစ်စဉ်နှစ်တိုင်း ငါ့သရောက်မြို့ မြေသားမိုးရေကန်များရေပြည့်မှုမရှိပဲ မိုးဥတုကုန်ပြီးပြီးခြင်းမှာပင် ငါ့သရောက်မြို့နယ်ရှိ မြေသားရေ လှောင်ကန်များ ခန်းခြောက်သွားကြကြောင်း၊ နှစ်စဉ်နှစ်တိုင်း ငါ့သရောက်မြို့နယ် ကျေးလက်တောရွာ များတွင် နွားစားအခက်အဲကြုံရခြင်းကြောင့် နွေဦးပေါက်မှပင်စတင်ကာ တမာရွက်၊ ထနောင်းရွက်၊ ထန်းသီး၊ ထန်းနို့များခူးကာ မြေပဲမှော်(မြေပဲ ရိုးခြောက်)၊ ပြောင်းရိုးခြောက်များဖြင့် ရောကျွေး ရကြောင်းသိရသည်။ ငါ့သရောက်မြို့တွင် လွှတ်ကျောင်းသည့် နွားများအတွက်ပင် နွားစာရှားပါးနေရာ ခိုင်းနွားများအတွက် ရောနှောကျွေးနိုင်သည့် ညောင်ရွက်၊ ပင်ခံရွက်၊ ကုက္ကိုရွက်၊ ဖက်ဝန်းရွက်၊ ရှားရွက်၊ တမာရွက်၊ ထနောင်းရွက်များအား ခိုင်းနွားများကျွေးရန် လိုက်လံခူးချိုးရကြောင်း၊ ထန်းနို့ထွက်ချိန်၊ ထန်းသီးသီးချိန်တွင်မှသာ နွားစာအတွက်အဆင်ပြေကြကြောင်း ဆင်သားမွေးကျေးရွာ ဦးစိုးနိုင်က ရှင်းပြသည်။ ထန်းနို့များတုံးချိန်တွင်လည်း ထန်းသီးပေါ်လာခြင်းကြောင့် နွားစာရှားပါးသော်လည်း ထန်းသီး၊ ထန်းနို့အစားထိုးကျွေးနေပြီး ကျန်သည့်သစ်ရွက်စိမ်းများချိုးကာ ရောနှောကျွေးခြင်းဖြင့် နှစ်စဉ်နှစ်တိုင်းနွားစာရှားပါးမှုကို အစားထိုးဖြေရှင်းနေရကြောင်း ငါ့သရောက်မြို့ စက်စက်ယိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြား၍သိရသည်။

ကိုထိန်၊KPD