ပူတာအို စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီး မှူးနှင့် ၀န်ထမ်းများသည် မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသော ဒေသခံပြည်သူများ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ယမန်နေ့နံနက်(၉)နာရီ ခွဲမှစတင်၍ ပူတာအိုမြို့နယ် ပမ္မတီးအုပ်စု ညဲဆာလာဒီကျေးရွာသို့သွားရောက်ပြီး သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးခေါ့ဖန်ဂျာလီရဲ့နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အဖွဲ့များ ပူးပေါင်း၍ ပမ္မတီးကျေးရွာ အုပ်စုရှိ ကျေးရွာ(၁၄)ရွာမှ အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသော သူများအား စုရပ်သုံးနေရာတွင် ရက်အလိုက် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ ညဲဆာလာဒီကျေးရွာ စုရပ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသောသူ(၃၂)ဦးအား အထောက်အထားများစိစစ်၍ နေ့ချင်းပြီးထုတ်ပေး ခဲ့သည်။
ထို့အပြင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ် နို၀င်ဘာ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်းဆန္ဒမဲပေး နိုင်ရေးအတွက် ရပ်ကွက်၊ကျေးရွာအုပ်စု နေပြည်သူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများကို အခမဲ့ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
ပူတာအိုမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၁၄)အုပ်စုရှိသည့်အနက် ရပ်ကွက်(၁၀) ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၁၃)အုပ်စုရှိပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ စိစစ်ထုတ်ပေးခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်၊ကျေးရွာအုပ်စုများကိုလည်း သစ္စာစီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ကွင်း ဆင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)