စဉ့်ကိုင်မြို့နယ်၌  တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးဆက်ထိုးနှံပေး

စဉ့်ကိုင်  မေ  ၃

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်၌  တစ်နှစ်ခွဲအောက်ကလေးငယ် များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို  ယနေ့နံနက် (၉) နာရီ ကမြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးကြီးကြပ်(၁)  ဦးရဲမင်းကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ၀န်ထမ်းများက အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန် ၀မ်းပျက်၀မ်းလျှော၊  (ရိုတာ) ပိုလီယိုပြင်းထန် အဆုတ်ရောင် (ပီစီဗီ) ၀က်သက်ဂျိုက်သိုး ကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက်  ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေး  လာရောက်ထိုးနှံသော အသက်တစ်နှစ်ခွဲအောက်ကလေးငယ်(၁၁၂)ဦးနှင့် ကိုယ်၀န်ဆောင်မိခင် (၂၅) ဦး လာရောက် ထိုးနှံခဲ့ကြောင်းသိရသည်။

အဆိုပါ  ပုံမှန် ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့်  မိခင်နှင့်ကလေးများအား ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး  ညွှန်ကြားချက်များနှင့် အညီ အ၀င်တွင်လက်ကို စနစ်တကျဆေးစေခြင်း၊  ကိုယ်အပူချိန်တိုင်းတာခြင်းနှင့်  နှာခေါင်းစည်း  (Mask)များ တပ်ဆင်စေပြီး ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)