ကျိုက်မရော မေ ၃
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ရှမ်းရွာကြီး၌ ယိုးဒယားမျိုးကိုင်းဆက် ဒူးရင်းသီးပင်များ စပ်းသပ်စိုက်ပျိုးလျက် ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဒူးရင်းကိုင်းဆက်တစ်ပင်လျှင် ငါးထောင်ကျပ်အထိ ပျိုးပင်ဆိုင်များ၌ ဝယ်ယူစိုက်ပျိုးကြပြီး အချို့ခြံရှင်များက ထိုင်းနိုင်ငံသို့ တိုက်ရိုက်မှာယူစိုက်ပျိုးကြကြောင်း၊ ကျိုက်မရောမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးသည့်ကာလ၌ ကြက်မောက်ပင်၊ မင်းဂွတ်ပင်များ၊ ကွမ်းသီးပင်များအပြင် ယိုးဒယားဒူးရင်းပင်များကိုပါ စိုက်ပျိုးလာကြသည်။ ရှမ်းရွာကြီးကျေးရွာ၌ ယိုးဒယားဒူရင်းသီး ကိုင်းဆက်ပင်များ စိုက်ပျိုးထားသူ ဒေါ်မိငယ်ထံမေးမြန်းရာ ယခုနှစ်မှာ ဒူးရင်းပင်တွေ စတင်သီးတာပါ၊ စစချင်းသုံးပင် စသီးတာဖြစ်ပြီး စုစုပေါင်းအပင် (၂၀) စီးပွားဖြစ် စိုက်ပျိုးထား ပြီး ယိုးဒယားကြက်မောက်ပင်ကတော့ အပင် ၃၀ ခန့်ရှိပါတယ် ကြက်မောက်သီးလဲ အသီးထွက် နှုန်း အရမ်းကောင်းပါတယ်၊ ပေါ်ကာစဆို ယိုးဒယားဒူးရင်းသီးတစ်လုံးလျှင် နှစ်သောင်းထိ ရောင်းချရပါတယ်၊ ဒူးရင်းပင်တစ်ပင်လျှင် သန်မာသော အလုံးများကိုသာ ရွေးပြီးကျန်တဲ့ အသီးကယ်လေးများကို ခြွေပစ်ရကြောင်း သိရသည်။ ယိုးဒယားဒူရင်းသီးခူးချိန်ကတော့ မေလဆန်းပိုင်းဆို
စတင်ခူးရပြီး ဒူးရင်းသီးလှိုင်လှိုင်ထွက်ချိန်ဆိုရင်တော့ စျေးအနယ်ငယ်ကျဆင်းတတ်ကြောင်း တစ်လုံးလျှင် တစ်သောင်းမှ ရှစ်ထောင်ကျပ်ထိ နည်းသွားပြီး ဒူးရင်းပင်တစ်ပင်ကို အနည်းဆုံး ကျပ်သုံးသိန်းမှလေးသိန်းထိ ဝင်ငွေရကြ၍ တွက်ခြေကိုက်ပြီး စီးပွားဖြစ်စိုက်ပျိုးလာကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒူးရင်းသီးစီးပွားဖြစ်စိုက်ပျိုးသူ ဒေါ်မိငယ်ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)