လဲချားတွင် ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

လဲချား  စက်တင်ဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးကြောင်းသိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာတွင် ကျန်းမာရေးဌာနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများမှ  ကိုယ် အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး အသက် ၁ နှစ်ခွဲအောက်ကလေးများကို ဘီစီဂျီ၊ အသည်းရောင် အသားဝါ(ဘီ)၊ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်၊ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ဂျပန်ဦးနှောက်ရောင်၊ဝက်သက်၊ဂျိုက်သိုး စသည့် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာတွင် လဲချားမြို့ပေါ်ရပ်ကွက်  (၄)ရပ်ကွက်မှ ကလေးငယ်များအား ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)