သုံးခွ စက်တင်ဘာ ၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လစဉ်စာအုပ်စာစောင်များ တိုးပွားလျက်ရှိရာ စာအုပ် စာစောင်များ ထားရှိရာတွင် စာတွဲစင်များ လိုအပ်ချက် မဖြစ်ပေါ်စေရေး အတွက် အလှူရှင်များမှ စာတွဲစင်နှင့် ဖိုင်တင်စင် (သံစင်)တို့အား ယမန်နေ့ မွန်းလွဲ၂နာရီက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသစာအုပ်ပေါင်း (၈၇၅၀) အုပ်ရှိပြီး နေ့စဉ်စာငှား စာဖတ် ပရိတ်သတ် ၄၄ ဦးတို့မှလည်း ပြည်သူ့စာကြည့်တိုက်သို့ လာ ရောက်၍ သုတရသစာအုပ်များ နေ့စဉ်လာရောက် ငှားရမ်းဖတ်ရှုလျက်ရှိပါသည်။
ပြည်သူ့စာကြည့်တိုက်သို့ ရုံးချုပ်မှပေးပို့သော သုတ/ရသစာအုပ်များအပြင် အလှူရှင်(၃၀)ဦး တို့မှလည်း လစဉ်စာအုပ်များ လှူဒါန်းပေးလျက်ရှိပါသည်။
သို့ပါ၍ လူထုအခြေပြု ဗဟိုဌာန Community Centre တွင်အသုံးပြုလျက်ရှိသော စာတွဲစင်များနှင့် သံစင်များကို လိုအပ် သည့် နေရာတွင် အသုံးပြုနိုင်ရန်အတွက် အမှတ် (၄)ရပ်ကွက်နေ ဦးတင်မောင်နိုင်+ ဒေါ်သင်းသင်းအေး (မိသားစု) တို့မှ ငွေကျပ်တစ်သိန်းတန်ဘိုးရှိ သစ်သား စာတွဲစင် တစ်စင်နှင့် အမှတ်(၂)ရပ်ကွက်နေ ဦးကျော်ဆန်း (သတင်းထောက်)မှ ငွေကျပ် သုံးသောင်းရှစ်ထောင် တန်ဖိုးရှိ ဖိုင်တင်စင်(သံစင်)တို့ကို လှူဒါန်းခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက လက်ခံ ရယူခဲ့ပြီး ၎င်းအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်