ကျောက်တန်း စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကျောက်တန်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များ အတွက် ငွေကြေးထောက်ပံ့ပေးနိုင်ရန်အတွက် ငွေဗိုက် (Application)ပြုလုပ်နည်း၊ စာရင်းရေးသွင်းနည်းနှင့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းများကို ရပ်ကွက်/ ကျေးရွာ များသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၁-၈-၂၀၂၀) ရက်နေ့မှ ၎င်းရက် နောက်ပိုင်း မီးဖွားသည့် မိခင် များကို ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှုများအား လျော့ပါး သက်သာစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနက ငွေကျပ်(၃၀၀၀၀/-) ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ခြင်းအား စက်တင်ဘာ(၅) ရက်နေ့တွင် တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(၆) ရက်နေ့တွင် မင်္ဂလွန်း စံပြကျေးရွာ၊ (၈) ရက်နေ့တွင် ကျောက်တန်းမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တို့တွင် လူမှုဝန်ထမ်း ဦးစီး ဌာန ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။
စာရင်းရေးသွင်းသည့်ကာလအား ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့အထိ သတ်မှတ်ထားပြီး ကိုယ်ဝန် ဆောင် မိခင်များ အနေဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ဗိုက်အပ်စာအုပ်နှင့် မိမိတို့အမြဲ အသုံးပြုလျက်ရှိသော ဖုန်းနံပါတ်၊ မီးဖွားပြီးမိခင်ဖြစ်ပါက မွေးစာရင်းတို့ကို ယူဆောင် လာရမည်ဖြစ်ကြောင်း သိရသည်။
၎င်း အစီအစဉ်အား လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)