တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်

တာမွေ မေ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် ညအချိန်များ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများမရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အတွက် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ညအချိန်များ၌ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးဘေးအန္တာရာယ် မဖြစ်ပေါ်စေရေး၊ မသမာသူများထားရှိသော မသင်္ကာဖွယ်ရာ ပစ္စည်းများကြောင့် မီးလောင်ကျွမ်းခြင်းများ မဖြစ်ပေါ်စေရေးနှင့် စျေးသူ/သားများ သိမ်းဆည်း ထားရှိသော ကုန်ပစ္စည်းများ လုံခြုံမှုရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ရန်ကုန်မြို့ရှိ စည်ပင်သာယာစျေး တစ်ချို့တွင် မီးလောင်ကျွမ်းခြင်းများ မကြာခဏဆိုသလို ဖြစ်ပေါ်နေသည့်အတွက် မီးဘေးလုံခြုံရေးကို အဓိကထားစစ်ဆေးခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှုအကြိမ်ရေ (၅) ကြိမ်ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးကြောင့် တစ်ကြိမ်၊ မသမာသူများကြောင့် (၄) ကြိမ်ဖြစ်ပေါ်ခဲ့ကာ ဆုံးရှုံးမှုးတန်ဖိုး ငွေကျပ် (၈.၅၅) သန်းခန့်အထိ ရှိခဲ့တာကြောင့် ယခုနှစ်အတွင်း၌ မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများအပြင် စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းများ၊ စည်ပင် သာယာစျေးများ၊ စျေးဝယ်စင်တာများနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)