တာမွေမြို့နယ်အတွင်း မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေး အထူးအလေးထားဆောင်ရွက်

ရန်ကုန် မေ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှု အဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စသည်ဖြင့် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၏ လမ်းညွှန်မှုအရ ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြို့နယ်အတွင်းရှိ လမ်းများ၏ ဘေးဘက်ဝဲယာတစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ လူသွားစင်္ကြန်လမ်းများအား ပြုပြင်ပြင်ဆင်ခြင်းနှင့် လမ်းလယ်တုံးများအား ဆေးသုတ်ခြင်း စသည့်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်း မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့မြို့နယ်အတွင်းမှာရှိတဲ့ လမ်းမကြီးတွေ သန့်ရှင်းသပ်ရပ်ပြီး လမ်းအသုံးပြုသူတွေအနေနဲ့ အဆင်ပြေချောမွေ့စွာ သွားလာ နိုင်စေရေးအတွက် ယခုလို ဆောင်ရွက်ပေးတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ မြို့နယ်ကို မြို့ပြအင်္ဂါရပ်နှင့်ပြည့်စုံညီညွတ်မှုရှိစေဖို့အတွက် ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာ ဌာနတွေ သာမကပဲ မြို့နယ် အတွင်းရှိ ပြည်သူတွေအနေနဲ့ ပူးပေါင်း ပါဝင်မှသာ အောင်မြင်နိုင်မှာပါ ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် မြို့နယ်(၃၃)မြို့နယ် အား ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၏ လမ်းညွှန်မှုအရ မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်