မိတ္ထီလာခရိုင်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD 2D+3D Modelling သင်တန်းဖွင့်လှစ်သင်ကြား

မိတ္ထီလာ  မေ ၃

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD 2D+3D Modelling သင်တန်းကို ယမန်နေ့က အဆိုပါ ရုံးရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်အခြေခံအဆောက်အဦ များ၏ Design & Layout Plan များအား တိကျမှန်ကန်ပြီး သေသပ်စွာ ကွန်ပျူတာဆော့ဖ်ဝဲလ်ဖြင့် အလွယ်တကူ ရေးဆွဲနိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်၍ မိတ္ထီလာခရိုင်နှင့် ခရိုင်ကွပ်ကဲမှု အောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များရှိ ဝန်းထမ်းများအား သင်ကြားပေးခြင်း ဖြစ်ကြောင်း မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက ပြောကြားခဲ့သည်။

အဆိုပါ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD 2D+3D Modelling သင်တန်းကို မိတ္ထီလာခရိုင်နှင့် ခရိုင်ကွပ်ကဲမှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည် မြို့နယ်များမှ ဝန်ထမ်း ၁၀ ဦး တက်ရောက်ပြီး ၎င်းသင်တန်းကို မေလ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)