ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လျှပ်စစ်ဌာနတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်

ဒဂုံမြောက် မေ ၃

ပူပြင်း‌ခြောက်သွေ့သော နွေရာသီကာလတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်လျှပ်စစ်ဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်ဌာနတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ လျှပ်စစ်ဌာနရှိ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးတင်ထွန်းအောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ မီးစစ်ဆေးခြင်းများဆောင်ရွက်ခြင်းနှင့် DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြသ ရှင်းလင်း‌ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများမှလည်း လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အသိပညာပေးနှိုးဆော်ခြင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ လက်တွေ့သရုပ်ပြသခြင်းများအားစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ (ဒဂုံမြောက်)