ကျောက်ဖြူမြို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲအား သံဃာတော် ၁၂၁ ပါး ဝင်ရောက်ဖြေဆို

ကျောက်ဖြူ မေ ၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲအား ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်း ရပ်ကွက်ရှိ နဂါးကျောင်း  ပရိယတ္တိစာသင်တိုက်၊ သီရိသုခရတနာဓမ္မာရုံတွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်မှစတင်၍ ပြုလုပ်ကျင်းပလျက်ရှိရာ ဘုန်းတော်ကြီး ကျောင်း အသီးသီးမှ စာဖြေသံဃာတော် ၁၂၁ ပါးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ထိုသို့ ကျင်းပလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့က ကျောက်ဖြူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စာမေးပွဲဖြေဆိုကြမည့် စာဖြေသံဃာတော်များနှင့် ကြီးကြပ်ဆရာတော်များကို သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် စာမေးပွဲအား မွန်းတည့် ၁၂ နာရီအချိန်တွင် ဆက်လက်ကျင်းပရာ ကျောက်ဖြူခရိုင် သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများ၊ ဆရာတော်ကြီးများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် အဆိုပါစာမေးပွဲအား ဧပြီလ ၃၀ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ပြုလုပ် ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့၌ ပါရာဇိတဏ္ဍပါဠိအဋ္ဌကထာကျမ်း(၁)အား စာဖြေသံဃာတော် ၁၂၁ ပါးတို့မှ ဝင်ရောက်ဖြေဆိုခဲ့ပြီး ယနေ့ဒုတိယနေ့တွင် ပါရာဇိတဏ္ဍပါဠိအဋ္ဌကထာကျမ်း(၂)အား စာဖြေ သံဃာတော် ၁၂၁ ပါးတို့မှ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)