မော်လမြိုင် စက်တင်ဘာ ၃
မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်အတွင်းရှိ ကားဂိတ်၊ ဘူတာရုံ၊ မြို့ဝင်ပေါက်များကို ယမန်နေ့ ညပိုင်းက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များတို့က ပူးပေါင်း ပြီး ရှောင်တခင်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နေရာများအား စစ်ဆေးရာတွင် ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ မြေနီကုန်းဘူတာကြီး တွင် ရထားခရီးစဉ်ဖြင့် လာသူများထဲမှ အတည်ပြုလူနာတွေ့ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ လူ(၄)ဦးကို မော်လမြိုင်မြို့ (၁၀)မြို့နယ်ဆောင် CBFQ စခန်းသို့ လူမှုကူညီရေးအဖွဲ့ကားဖြင့် ပို့ဆောင် ပေးခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားလာသည့်အတွက် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာလ ၂ ရက်၊ နံနက် ၈ နာရီမှ စတင်ပြီး မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်နဲ့ စစ်ကဲကုန်းရပ်ကွက် တို့ကို Stay at Home အဖြစ်လည်းကောင်း၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန်၊ မဖြစ်မနေထွက်ရင် Mask တပ်ဆင်ရန်၊ လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များမှ ပါဆယ်စနစ်ဖြင့် ရောင်းချရေး၊ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာနေထိုင်ကြဖို့ကို ထုတ်ပြန်ကြေညာထားပါတယ်။
စမ်းစမ်းနွယ်(ပြန်/ဆက်)