ရခိုင်ပြည်နယ် မောင်တောမြို့၌ ပထမအကြိမ်မြောက် သက်အမျိုးသားနေ့ ကျင်းပပြုလုပ်

မောင်တော   မေ  ၂

ရခိုင်ပြည်နယ် မောင်တောမြို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော သက်တိုင်းရင်းသား တစ်မျိုးလုံး၏ အလေးအမြတ်ထားရာ နေ့ထူး နေ့မြတ်အဖြစ် သတ်မှတ်ထားသည့်  သက်အမျိုးသားနေ့ကို  (ပထမ)အကြိမ်အဖြစ် ယမန်နေ့ နံနက် ၈ နာရီအချိန် (၄)မိုင်ရပ်ကွက်၊ မကျည်း ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို   သက်တိုင်းရင်းသား ရိုးရာတေးသရုပ်ဖော် အကဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး  တိုင်းရင်းသား ရေးရာဝန်ကြီးဌာနမှ ပေးပို့သော သဝဏ်လွှာအား  သက်စာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဦးဦးရွှေမှ ဖတ်ကြားခဲ့ပြီးနောက် ရခိုင်အမျိုးသားပါတီမှ ပေးပို့သော သဝဏ်လွှာအား  တာဝန်ရှိသူက ဖတ်ကြားသည်။ ထို့နောက် သက်အမျိုးသားနေ့  အခမ်းအနား ဖြစ်မြောက်ရေးအတွက် အလှူရှင် များက လှူဒါန်းထားသော ရန်ပုံငွေများအား ပေးအပ်ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်က ဩဝါဒ စကားပြောကြား ခဲ့သည်။   ဆက်လက်၍ စစ်ကိုင်း တိုင်း၊ ဗန်းမောက် မြို့နယ် ကနန်းဒေသ  ဆရာတော် ဦးဉာနသေဋ္ဌမှ ကနန်းတိုင်းရင်းသားများ ကိုယ်စား ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး  သက်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဦးစီးနာယက ဦးလှထွန်းကျော်က သက် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား ရှင်းလင်းပြောကြားခြင်း၊ သက်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေး မှုအသင်း ဥက္ကဋ္ဌ ဦးဘဦးမှ သက်စာပေနှင့် ယဉ်ကျေးမှုအသင်း လုပ်ဆောင်ချက်နှင့် အနာဂတ် ရည်မှန်းချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် သက်ရိုးရာပြိုင်ပွဲ အမျိုး အစားအလိုက်  ဆုများချီးမြှင့်ပေးပြီး  သက်အမျိုးသားနေ့ အထိမ်းအမှတ် အလံအား  တာဝန်ရှိသူများထံသို့ အမှတ်တရ ပေးအပ်ခဲ့သည်။  ယင်းနောက် သက်ရိုးရာတေးသရုပ်ဖော် (သက်တို့ ဌာနေ ဝေလာမြေ) ရိုးရာအကဖြင့် ဖျော်ဖြေပြီး  သက်ရိုးရာ အသုံးအဆောင်ပစ္စည်းများအား ပြခန်းအတွင်း ပြသထားရှိပြီး အခမ်းအနား တက်ရောက်လာသူ လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ အခမ်းအနား သို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်၊ ဆရာတော်၊သံဃာတော်များ၊ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များ၊ ပြည်သူများ အင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်းသိရသည် ။

သက်လွင်စိုး (ခရိုင် ပြန်/ဆက်)