သီပေါ မေ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားမှူး ဒေါ်သန်းရွှေမာက မိမိတို့ဌာန၏ အဓိကတာဝန်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်နှင့် လူငယ်များအတွေးအခေါ်၊ အယူအဆ၊ စိတ်ဓာတ်များ ခိုင်မာလာစေရန်အတွက် လူငယ်တွေကို အားကစားကွင်းထဲ အရောက်ခေါ်ရမည်ဖြစ်ပါကြောင်း၊ အားကစားနဲ့စည်းရုံးရမည်ဖြစ်ပါကြောင်း၊ အားကစားကွင်းထဲ ရောက်လာပြီဆိုတာနှင့် လူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာတွေ ပြုပြင်ပြောင်းလဲသွားပြီးမှ နိုင်ငံတိုးတက်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေပါဝင်လှုပ်ရှား နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့ ဌာနမှ ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ လူငယ်များ၊ ကျောင်းသားများနှင့်တွေ့ဆုံ၍ အားကစားဆိုင်ရာ ဟောပြောပွဲ၊ အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ လူငယ်များအတွက် အားကစားသင်တန်း ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အားကစားရုံနှင့် အားကစားကွင်းတွင် လူငယ်များ အခမဲ့ လာရောက်ကစားနိုင်ပါကြောင်း၊ အခုခေတ်လူငယ်အများစုသည်ဖုန်းနှင့်ဂိမ်းဆော့ခြင်း၊ Facebook သုံးခြင်းများဖြင့်အချိန်ဖြုန်းနေသောကြောင့် တန်ဖိုးရှိတဲ့အချိန်များ အလဟဿကုန်ဆုံးနေသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ဌာနနှင့်ချိတ်ဆက်၍ နှစ်သက်ရာ အားကစားနည်များကို လာရောက်ကစားကြပါရန် အကြံပေးတိုက်တွန်းလိုပါကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)